ကဗျာ

မေတ္တာပန်း

လူဟာ

ရပ်နေစဉ်မှာ

ကျန်းမာပါစေ

မေတ္တာဝေလျှင် ။

သွားနေစဉ်မှာ

ချမ်းသာပါစေ

မေတ္တာဝေလျှင် ။

ထိုင်နေစဉ်မှာ

ဘေးကင်းပါစေ

မေတ္တာဝေလျှင် ။

အိပ်နေစဉ်မှာ

အောင်မြင်ပါစေ

မေတ္တာဝေလျှင် ။

သူလျှောက်သောလမ်း

မေတ္တာပန်းခိုင်

မွှေးလို့ကြိုင်လို့ ပွင့်မည်ကို ။

တို့မြေ တို့ရွာ

တို့ကမ္ဘာမှာ

မေတ္တာပန်းများ ပွင့်စေသတည်း ။

မွှေးလို့ ကြိုင်လို့ လန်းစေသတည်း ။      ။

မြတ်ထေရ်ကျော်

ကဗျာ

လောကရဲ့သဘာဝ

လောကရဲ့ သဘာဝ

မယူလိုက ရ

မပေးလိုက ကုန်

စေတနာ အစုန်အဆန်ဆိုတာ

တကယ်ပဲ ရှိပါတယ် ။

ဖြူချင်ယောင်ဆောင်ပြီး ဖွေးနေကြတဲ့

လူတွေရဲ့ အကြောင်း

တစ်ကြောင်းနှစ်ကြောင်း သိလာရတဲ့အခါ

သံသရာကို မြင်ယောင်လာတယ် ။

ဒီဘ၀ကစ ထွက်ခွာလာတာနဲ့

အ၀ိုင်းပတ် ကရွတ်ကင်း လျှောက်ကြရမှာပဲလေ

မကြောက်ရင်လုပ်ပေါ့ ။

နောက်တစ်ခုက ကျိန်စာ

ကျိန်စာဆိုတာကို အယုံအကြည်မရှိပေမယ့်

သစ္စာဆိုကြတာကိုတော့ ယုံတယ်

အမှန်တရားတစ်ခုကို သိသိနဲ့ဘူးခံနေသူများအတွက်

ကိုယ်ကတော့ သစ္စာဆိုပါတယ်လို့

စေတနာ ကံ ဘိက္ခဝေ

ပြီးတော့ ၀ဋ်

ဆင်ခြင်ကြည့်ရင်း – – -။      ။

အေးမြနု

ကဗျာ

ဆရာအိုတို့ အိမ်ပြန်ချိန်

မြေဖြူလည်းတို ဆရာအိုတို့

အိမ်ကိုပြန်တော့မည်- – ။

ငယ်ရွယ်စဉ်ကား ဆရာမှာကား

ဝါသနာ – – အနစ်နာ – – စေတနာပြင်

ကရုဏာပါ ရောထွေးကာနှင့်

ကျောသားရင်သား မခွဲခြားဘဲ

မစားမချန် သင်ခဲ့သည်။

ယခုချိန်ခါ ဆရာမှာကား

သက်ကားခြောက်ဆယ် ပြည့်ပြီရယ်မို့

သက်ပြည့်ပင်စင်ယူကြပြီ။

အို —– ဆရာ

ဆရာသင်ကြား စာပေများကြောင့်

တပည့်တွေမှာ ပညာရဲရင့်

ပွဲလယ်တင့်ခဲ့ပြီ ။

အို —— ဆရာ

ဆရာစေတနာ —- အနစ်နာနဲ့

ဆရာမေတ္တာ —– ကရုဏာကို

မြေဖြူလေးက သက်သေတည် ။

အို —— ဆရာ

ဆရာတို့မှာ တပြည့်မရှား

တစ်ပြားမရှိ ပီတိတွေစား

အားတွေရှိတဲ့ ငါတို့ဆရာ

မြတ်ဆရာကို ခါခါဦးနှိမ်ချပါ၏ ။     ။

ဆရာညီ(တကောင်း)

ကဗျာ

ငြိမ်းချမ်းရေး ချိုးငှက်

ငြိမ်းချမ်းရေး ချိုးငှက်

ဆက်လက်ရှင်သန်

ဝေလင်ထဲပျံ

မြေပြင်လည်း မနား

တောင်ဖျား၊ မြောက်ဖျား တစ်နံတစ်လျား

အနောက်၊ အရှေ့မကျန်

အားခဲပြီးပျံ။

မြန်မာနိုင်ငံ

ငြိမ်းချမ်းရေးပန်းခိုင်

လှမ်းကိုင်နိုင်မှ

သူပျံတာ နားလိမ့်မယ်

အားပေးစို့ကွယ်။          ။

မာမီဒေါ်ခင်နွယ်ကြည်

ကဗျာ

ကောက်စိုက်ချိန်

လင်းကြက်တွန် ရောင်နီဝင်း

မှောင်ရီကင်း တလင်းဆီ ။

ဦးတောင်သူ လုပ်အားပြ

ကောက်စိုက်လေပြီ ။

နှင်းငွေမှုန်ရီ

ရောင်နီဆင် အရုဏ်ဦး ။

တေးထပ်ကာ

ဘေးဘက်မှာ တွန်သံကျူးလို့

ကျေးငှက်တို့မြူး ။

မွန်းတည့်ချိန် နေရောင်ပြင်း

ထမင်းစား အနားယူ ။

ဦးတောင်သူ တစ်မှေးအိပ်

လောင်းရိပ်ထူထူ ။

နေမင်းကပူ

တိမ်မြူက ကင်း ။

တလင်းပြင် နေရောင်အောက်မှာ

ကောက်နံ့ထုံသင်း ။

နေ၀င်ချိန် မြောက်လေသွေး

ကောက်နှံမွှေး ၀င်းဝင်းဝါ ။

ဦးတောင်သူ လေအဝှေ့

ကောက်လှေ့နေရှာ ။

လမင်းသာသာ

ညအခါ ကောက်ကျန်ဆွ ။

တလင်းအို

သီချင်းဆို ကောက်နှံထွေးလို့

နွေးတဲ့ဘ၀ ။       ။

ကန်ညီနောင်မောင်ရွှေဗျိုင်း

ကဗျာ

ကျောဘက်က စာမျက်နှာ

ကနုကမာ

ရင်လွှာကိုခွဲ၊ အသည်းကိုယူ

ပုလဲဖြူဟု၊ လူတို့ဆင်မြန်း

ပြုံးရွှင်လန်းစဉ် ။

လူလို့လည်တိုင်

အလှပြိုင်စဉ် ။

ကနုကမာ

မရူသာတော့

သူ့ရင်လွှာထဲ၊ သွေးနီရဲ၍

အသည်းမဲ့ကင်း၊ ရင်ဟင်းလင်းနှင့်

ငိုချင်းချရ၊ သူ့ဘ၀အား

လောကလူတွေ သိပါစေ ။      ။

ဌေးကြည် (စလင်း)

ကဗျာ

မြသွေးချယ်  သို့

အို မြသွေးချယ်

အလှရေးကြွယ်လို့

ပ၀ါထွေးငယ်စု

ရတနာလေးနှယ်ဥ

ခဏလေးကွယ် ရှုဖို့—။

အို မြသွေးချယ်

ဘ၀တွေးနယ်ကြား

ဘယာဘေး ကွယ်ထား

ဇရာဆွေး ဖယ်ရှား

လှသေးတယ် နုလို့ ။

အို မြသွေးချယ်

ဇာတိ၊ ဇရာ ၊ ဗျာတိ၊ မရဏ

ရုပ်၊ နာမ်၊ ခန္ဓာ မှန်စွာမမြဲ

ပျို ခဏ အို ကြရ

နဂိုလှမရှိ ကိုယ်လှ၏ လို့

ဘိဇ္ဈမကဲ အနိစ္စပြု ဖို့ ။

အို မြသွေးချယ်

အသိ၊ သတိ  ရင်ဝယ်ညှိ

ငါ မဟုတ် သူ မဟုတ်

အတ္တနဲ့ ဒိတ္တိကို ချုပ်

ဝိပဿနာနဲ့ ရှုကာ ဖြုတ်စို့ ။

အောင်တိုး(စိန်ခြယ်)

ကဗျာ

မြကြာ

အတွေးစိတ်နဲ့

ဆွေးရိပ်မှာ ကြာမနေစေလိုပါ

ကြာပွင့်သာ လှူပါရစေတော့ ဘုရား။

လူဖြစ်ခြင်း ၀ဲသြဃကြား

ဆန္ဒများ ဖြစ်မလာ

ကြာတာလည်း မလိုတာပါ ဘုရား။

နေစိတ် စားစိတ်

တိတ်ဆိတ်လို့ ဖော်မဲ့စွာ

မနေလိုတာလည်း ကြာတော့

ကြာပန်းလှူဖြစ်ပြန်ရော ဘုရား။

စောင့်စားတဲ့ မျှော်လင့်ချက်

နေ့ရက်ဆက် ဘယ်မကြာ

မြန်မြန်သာ ပေးသနားတော်မူပါ့

ကြာပန်းသာ ကပ်လှူပါရစေ ဘုရား။

အေးမြနု

ကဗျာ

အမှိုက်

– ကားကြီး ကားငယ် အသွယ်သွယ်နှင့်

အံ့ဖွယ်လုပ်အား စည်ပင်သားတို့

နိုးကြားစုရုံး အမှိုက်ကျုံးသည်

မြို့လုံးအနှံ့ သန့်စင်မည်- – – ။

– အိမ်သုံး ဆိုင်သုံး ဈေးသုံး ပြန့်ကျယ်

နေ့စဉ်ဆယ်လည်း ပွားမြဲ တိုးမြဲ

ဆုံးပဲမမြင် တို့ဝန်းကျင်- – – ။

– တစ်ယောက်အားဖြင့် ယူသော် မရ

တစ်သောင်းအားဖြင့် ယူသော် ရ၏

လိုလျှင်ကြံဆ နည်းလမ်းရ

ညီညာဖြဖြ စိတ်ထားမျှ

ရှေးကစာဆို ရင်ထဲပြိုခဲ့

ထိုထိုစိတ်ဓာတ် လွန်မြင့်မြတ်၏

ထားအပ်စိတ်ထား မန်းမြို့သားတို့

လုပ်အားပြဖို့ ကြိုးစားစို့- – – ။

– တီထွင်ကြံဆ လိုကားရ၏

လမ်းစဖွေရှာ သုံးပါသရီးအား(3R)နည်းပညာ- – –

Reduce- – – အမှိုက်လျှော့ချပါ

Refuse- – -ပြန်သုံးပါ

Recycle- – -ပြောင်းလဲသုံးပါ

တို့ပြည်သူသာ အခရာ- – – ။

– နိစ္စဓူဝ နေ့စဉ်ဘဝ

အမှိုက်ကင်းမှ မြို့တော်လှ- – – ။

– တစ်ဦးမှ တစ်ဖွဲ့ တစ်ဖွဲ့မှ တစ်ရပ်

တစ်ရပ်မှ တစ်မြို့ တစ်မြို့မှ တစ်နယ်

ကျယ်သည့်အ၀န်း ပေါင်းစုချဉ်းသော်

သန့်ရှင်းမြို့တော် သာဓုခေါ်မည်

တူညီစ လိုက်ကြပါစို့- – – ။

မျှော်ရည် မြို့တော်သစ်ဆီသို့- – – ။

(၂၀၁၉ နှစ်သစ်ကို ကြိုဆိုလျက်- – -)

ဒေါ်က်တာဆင့်စိုး

ကဗျာ

မိုးရဲ့အရှင် ဆောင်းသခင်မ

– နေသွားလမ်းကြောင်း

လှည့်ပတ်ပြောင်း၍

မိုးနှောင်းရာသီ

ဤအခါသည်

နေ့တာတိုစပြုလာပြီ ။

– တောင်လေကဝေ့

မြောက်လေခွေ့သော်

မိုးငွေ့လက်ကျန်

ဝဿန်ဥတု

ဆောင်းနှင့်လုသည်

ရတုခါမှီ

ဤရာသီ ။

– ပျိုဖျန်းလေးသွင်

ဆောင်းသခင်မ

ကိုယ်ထင်ပြ၍

ဆီးနှင်းပုဝါ

ဖြန့်ခြုံခင်းသော်

ဟေမာန်တွင်းသို့

ချည်းနှင်းဝင်ရောက်လာချေပြီ ။         ။

ချစ်ဝေ( ခေမာမြေ- ပုသိမ်ကြီး)