ဆောင်းပါး

အမေရိကန်ပြည်ထောင်စုမှ မိဘများ သားသမီးကို ယခင်ခေတ်ထက် ပိုမိုစောင့်ကြည့်ထိန်းချုပ်လာ

ယနေ့ခေတ်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ လူနေမှုစနစ်၊ လူမှုရေး၊  စီးပွားရေးစနစ်များ ကျယ်ဝန်းရှုပ်ထွေးလာသည့်အလျောက် လူငယ်လူရွယ်များလမ်းမှားသို့ ရောက်ကာ ပျက်စီးနေကြမည်ဟု အမေရိကန်လူမျိုးရေးစိတ် ပညာရှင်များက ထောက်ပြသည်။

အကျင့်ပျက်ပြီး ကိုယ်ကျင့်တရား အားနည်းဖောက်ပြန်လျက်ရှိသည့် လူငယ်လူရွယ်များ တိုးပွားလာရသည့် အဓိကအကြောင်းအရင်းမှာ မိဘများ၏ ထိန်းကျေင်းဆုံးမသွန်သင်မှု ညံ့ဖျင်းသောကြောင့်သာ ဖြစ်သည်ဟု ၄င်းတို့အနက်မှ ပညာရှင်အချို့က ဝေဖန်သုံးသပ်သည်။

ယခုနောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုရှိ အလယ်၊ အလတ်တန်စားပညာတတ် မိသားစုရှိများရှိ  မိဘများသည် သားသမီးများ မလိုလားအပ်ဘဲ ဆိုးသွမ်းမည့်အရေးကို ကြိုတင်တားဆီးလိုသဖြင့် ယခင်ခေတ်က မိဘမျာထက်ပို၍ ကြပ်မတ်စောင့်ကြည့်ထိန်းချုပ်လာကြသည်။

ဟယ်လီကော့ပတာမိဘများဟူသော ဝေါဟာရဖြင့် သရော်ခံရသည်အထိ စည်းကမ်းတင်းကျပ်လွန်းသဖြင့် ကလေးများအရွယ်ရောက်လာလျှင် ပညာထူးချွန်ပြီး အလုပ်အကိုင်ကောင်းကောင်းရနိုင်မည့်ရလဒ်ကို မငြင်းနိုင်ကြောင်း အနောက်မြောက်တက္ကသိုလ်မှ ဘောဂဗေဒပါမောက္ခဒေါက်တာပတ်သီယတ်စ်ဒိုးကေ က ထောက်ခံပြောကြားသည်။

သို့ရာတွင် ထိုမိဘများနှင့် သာမန်မိဘများအကြား ဆက်ဆံရေးနှင့် သဘောထားအမြင်ကွာဟမှုပမာဏ ကြီးမားလာနိုင်သည်ဟု ၄င်းကထောက်ပြထားသည်။

ဗဟုသုတ

ဟိုက်ဒြိုဂျင်စွမ်းအင်သုံး မီးရထားများ တီထွင်စမ်းသပ်၊ လာမည့် နှစ်နှစ်ခန့်အတွင်း ထုတ်လုပ်နိုင်တော့မည်

ဟိုက်ဒြိုဂျင်စွမ်းအင်သုံး မီးရထားများကို ဗြိတိန်နိုင်ငံမှ သိပ္ပံပညာရှင်များ တီထွင်စမ်းသပ်လျက်ရှိရာ လာမည့် နှစ်နှစ် ခန့်အတွင်း လိုသလောက် ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း ဗြိတိသျှတီထွင်ပညာရှင်တစ်ဦးက ထုတ်ဖော်ပြော ကြားသည်။

ဟိုက်ဒြိုဂျင်စွမ်းအင်ဆဲလ်များ အဓိကအသုံးပြု၍ လျှပ်စစ်ဓာတ်ထုတ်လုပ်ကာ မော်တာကို လည်ပတ်စေပြီး ထိုမီးရထားများကို ရွေ့လျားစေမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဟိုက်ဒြိုဂျင်နှင့် လေထဲရှိ အောက်ဆီဂျင်ဓာတ်ငွေ့ နှစ်ခုပေါင်းစပ်မိရာမှ ရေနွေးငွေ့နှင့် ရေတို့ကိုသာ ပေါ်ထွက်လာစေမည်ဖြစ်ရာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု လုံးဝကင်းရှင်းမည်ဟုဆိုသည်။

၁၉၈၈ခုနှစ်က ဗြိတိသျှမီးရထားဌာန၏ ကြီးကြပ်မှုဖြင့် လျှပ်စစ်မီးရထားများထုတ်လုပ်ပြီး လက်တွေ့စမ်းသပ်ပြေးဆွဲခဲ့ဖူးသော်လည်း ခရီးသည်များအကြား လူသိနည်းခဲ့သဖြင့် ထပ်မံထုတ်လုပ်ခြင်းမရှိတော့်ဘဲ အစီအစဉ်ရပ်ဆိုင်းသွားခဲ့သည်ဟု ယင်းဌာန၏ ပြောခွင့်ရသူက ထုတ်ဖော်ပြောကြားသည်။ တစ်နာရီလျှင် ၈၇မိုင်နှုန်းဖြင့် မောင်းနှင်နိုင်မည်ဆိုသော အဆိုပါ ဟိုက်ဒြိုဂျင်စွမ်းအင်သုံးခရီးသည်တင် မီးရထားအစင်းရေ ၁၀၀ ကို ၂၀၂၁ခုနှစ် စောစောပိုင်းတွင် ဗြိတိန်နိုင်ငံ၌ ထုတ်လုပ်အသုံးပြုသွားမည်ဖြစ်ကြောင်း အဆိုပါ ပြောခွင့်ရသူက ဆက်လက်ရှင်းလင်းပြောကြားသည်။

MT

 

ဗဟုသုတ

တရုတ်နိုင်ငံမှ လွှတ်တင်ခဲ့သော ချန်ဂီ-၄ လဆင်းယာဉ် လ၏ အမှောင်ခြမ်းသို့ ဆင်းရန် အသင့်ဖြစ်နေ

တရုတ်နိုင်ငံမှ အာကာသသိပံ္ပပညာရှင်များ အောင်မြင်စွာလွှတ်တင်ခဲ့သော ချန်ဂီ-၄ လဆင်းယာဉ်သည် လ၏ အမှောင်ခြမ်းသို့ ဆင်းရန်အသင့်ဖြစ်နေပြီဟု တောင်တရုတ် နံနက်ခင်းသတင်းစာက ရေးသားဖော်ပြသည်။

အဆိုပါ လဆင်းယာဉ်သည် ဖွန်ကာမန်းဟု အမည်ပေးထားသော လ၏ အမှောင်ခြမ်း ချိုင့်ဝှမ်းကြီးထဲသို့ ဆင်းသက်ရန် စီစဉ်ထားပြီး ဇန်န၀ါရီ ၁ရက်မှ ၃ရက်အတွင်း လမျက်နှာပြင်ပေါ်သို့ ရောက်ရှိမည်ဟု ပညာရှင်များက မျှော်မှန်းသည်။

ဖွန်ကာမန်းချိုင့်ဝှမ်းကြီးသည် မိုင် ၁၅၀၀၀ ကျယ်ဝန်းပြီး ၈ မိုင်ခန့်နက်မည်ဟု နိုင်ငံတကာ အာကာသသိပံ္ပပညာရှင်များ တွက်ချက်ထားကြသည်။

ယခင်က ထိုချိုင့်ဝှမ်းကြီးတည်ရှိသော လ၏အမှောင်ခြမ်းကို အာကာသယာဉ်ပေါ်မှ စူးစမ်းတွေ့မြင်ခဲ့ဖူးသော်လည်း လမျက်နှာပြင်ပေါ်သို့ဆင်းပြီး အသေးစိတ်လေ့လာရန် တရုတ်အာကာသ စူးစမ်းလေ့လာရေးအဖွဲ့က ပထမဆုံး စီစဉ်ခဲ့ခြင်းဖြစ်သည်။

လောင်းမတ်ခ်ျ-၃ ဘီ ဒုံးပျံဖြင့် လွှတ်တင်ခဲ့သော အဆိုပါ လဆင်းယာဉ်သည် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၁၂ရက်တွင် လပတ်လမ်းထဲသို့ ၀င်ရောက်နိုင်ခဲ့ပြီး အမှောင်ခြမ်းဘက်သို့ ဆင်းရန် တရုတ် အာကာသသိပ္ပံပညာရှင်များ ဆက်လက်ကြိုးပမ်းခဲ့ကြသည်။

MT

ဗဟုသုတ

အမေရိကန်ပြည်ထောင်စုမှ ကလေးသူငယ်များ၏ စမတ်ဖုန်းသုံးစွဲမှု တစ်ရက်လျှင် ၇ နာရီ ကျော်သည်အထိ မြင့်တက်ရောက်ရှိလာ

အမေရိကန်ပြည်ထောင်စုမှ ကလေးသူငယ်များ၏ စမတ်ဖုန်း သုံးစွဲမှုပမာဏသည် တစ်ရက်လျှင် ၇ နာရီကျော်သည်အထိ မြင့်တက်ရောက်ရှိလာနေကြောင်း အမျိုးသား ကျန်းမာရေးအဖွဲ့အစည်းက အတည်ပြုထားသည်။

အဆိုပါအဖွဲ့အစည်းက စမတ်ဖုန်းများ လူ့အဖွဲ့အစည်းအတွင်းသို့ ထိုးဖောက်ဝင်ရောက် လာခြင်းနှင့်ပတ်သက်၍ ဆန်းစစ်လေ့လာရာမှ ကလေးသူငယ်များ ဖုန်းသုံးစွဲသော အချိန် ပမာဏကို တွက်ချက်ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ကလေးသူငယ်များအနေဖြင့် လက်ကိုင်ဖုန်း၊ ရုပ်မြင်သံကြား စသည့် နည်းပညာ ထုတ်ကုန်များကို တိုးမြှင့်အသုံးပြုလာသည့်အလျောက် ၄င်းတို့၏ ပတ်ဝန်းကျင်နှင့် အမှန်တကယ် ထိတွေ့သင်ယူလေ့လာရသောအချိန်သည် တစ်ရက်လျှင် ၂ နာရီမျှသာ ကြာမြင့် လာကြောင်း သုတေသီတစ်ဦးက ထောက်ပြသည်။

သို့ဖြစ်ရာ ၄င်းတို့၏ စမတ်ဖုန်းနှင့် ရုပ်မြင်သံကြားကြည့်ချိန်ကို လျှော့ချပြီး ပြင်ပ ပတ်ဝန်းကျင်နှင့် ထိတွေ့ချိန်ကို မိဘများဘက်မှ ဂရုစိုက်ပြီး ဟန်ချက်ညီအောင် တိုးမြှင့်ပေးသင့် သည်ဟု ၄င်းက အကြံပြုသည်။

၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုမှ ကလေးသူငယ်များ စမတ်ဖုန်း နှင့် ရုပ်မြင်သံကြားကို တိုးမြှင့်သုံးစွဲလာကြခြင်းဖြစ်သည်။

MT

 

 

 

 

 

 

ဆောင်းပါး

မျက်ကပ်မှန်တပ်ဆင်ထားလျက် အိပ်စက်သူများ ပိုးမွှားကူးစက်ခံရပြီး မျက်စိကွယ်နိုင်

မျက်ကပ်မှန်ကို ရိုးရိုးမျက်မှန် မတပ်လိုသူများကဖြစ်စေ၊ မျက်စိသူငယ်အိမ်အရောင် ပြောင်းပြီး အလှဆင်သူများကဖြစ်စေ၊ တပ်ဆင်အသုံးပြုကြရာတွင် ကြုံတွေ့ရတတ်သော ပြဿနာများနှင့်ပတ်သက်၍ အမေရိကန်သိပ္ပံပညာရှင်များ စူးစမ်းလေ့လာခဲ့ရာ မျက်ကပ်မှန်ကို မဖြုတ်ဘဲ တပ်ဆင်လျက် အိပ်စက်သူများ မျက်စိကွယ်နိုင်ပုံကို ဖော်ထုတ်တွေ့ရှိခဲ့သည်။

အမေရိကန်ပြည်ထောင်စု တစ်ဝန်း၌ လူပေါင်း ၄၅ သန်းခန့် မျက်ကပ်မှန်များကို တပ်ဆင်အသုံးပြုနေကြသဖြင့် အကျိုးအပြစ်အသီးသီးကို ဖော်ထုတ်သိရှိနိုင်ရန် အမေရိကန် မျက်စိဆရာဝန်များကောင်စီက ဦးဆောင်၍ သုတေသနပြု လေ့လာခဲ့ကြခြင်းဖြစ်သည်။

အမြင်အာရုံနှင့်ပတ်သက်၍ အားနည်းချို့ယွင်းသူများကို အခြားသူများနှင့်တန်းတူ နေထိုင်ရှင်သန် အလုပ်လုပ်ကိုင်ရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ မျက်ကပ်မှန်များကို တီထွင်ထုတ်လုပ်ရောင်းချနေခြင်းဖြစ်ရာ လွဲမှားအသုံးပြုသူများအနေဖြင့် မျက်စိကျန်းမာရေး ပြဿနာ ကြုံတွေ့နိုင်မည်ဟု ဆိုသည်။

နေ့ခင်းဖက်တွင် သွားလာလှုပ်ရှားစဉ် ဖုန်နှင့် အခြားအညစ်အကြေးများ ကပ်ညိ နေသော မျက်ကပ်မှန်မှတစ်ဆင့် ဘတ်တီးရီယားပိုးမွှားများ မျက်လုံးထဲအထိ ၀င်လာနိုင်ကြောင်း အဆိုပါ အမေရိကန်မျက်စိသုတေသီများက သတိပေးသည်။ သို့ဖြစ်၍ မျက်ကပ်မှန်သုံးသူများအနေဖြင့် မအိပ်မီ နေ့ခင်းဖက်တွင် တပ်ဆင်ထားသော မျက်ကပ်မှန်ကို ဖြုတ်ဆေးပြီးမှသာ အိပ်သင့်သည်။

(MT)

ဗဟုသုတ

ကမ္ဘာ့လေထုထဲရှိ အိုင်ယွန်နိုစဖီးယားနယ်ကို ရုရှားနှင့်တရုတ် ပူးပေါင်းပြီး

ပြုပြင်ထိန်းသိမ်းနေ

ကမ္ဘာ့လေထုထဲရှိ အိုင်ယွန်နိုစဖီးယားနယ်အတွင်း ဖြစ်ပေါ်နေသော ထိခိုက်ပျက်စီးမှု များကို ရုရှားနှင့် တရုတ်နိုင်ငံပူးပေါင်းပြီး ပြုပြင်ထိန်းသိမ်းပေးနေကြောင်း နှစ်နိုင်ငံမှ တာဝန် ရှိသူများက ထုတ်ဖော်ပြောကြားသည်။

ထိုနယ်အတွင်း၌ ယခင်က အိုင်းယွန်းများ နေသားတကျရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင်မူ အကြောင်းအမျိုးမျိုးကြောင့် ယိုယွင်းပျက်စီးခဲ့ရာ ၄င်းကို ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေပြီဟု ရုရှားနှင့် တရုတ်သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိခဲ့သည်။

ယင်းတွေ့ရှိချက်အရ အိုင်ယွန်နိုစဖီးယားနယ်ထဲသို့ အိုင်းယွန်းများထည့်လွှတ်ပြီး တရုတ် နိုင်ငံနှင့် ဥရောပနိုင်ငံများအထက်ရှိ အိုင်ယွန်နိုစဖီးယားနယ်အသီးသီးတွင် ကြုံတွေ့ရမည့် တိုးတက်ပြောင်းလဲမှုများကို စောင့်ကြည့်လေ့လာခဲ့သည်။

အဆိုပါ နှစ်နိုင်ငံမှ သိပ္ပံပညာရှင်များသည် ကမ္ဘာ့လေထုဟင်းလင်းပြင်ထဲသို့ နျူထရွန်များ၊ မိုက်ခရိုဝေဖ်လှိုင်းများ လွှင့်ထုတ်ပြီး လျှပ်စစ်ဓာတ်အားနှင့်သက်ဆိုင်သော သုတေသနများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း တောင်တရုတ်မောနင်းပို့စ်သတင်းစာတွင် ရေးသားဖော်ပြသည်။

၎င်းတို့၏ လေ့လာတွေ့ရှိချက် ရလဒ်များနှင့်ပတ်သက်၍ တရုတ်နိုင်ငံထုတ် ကမ္ဘာမြေနှင့် ဂြိုဟ်ဆိုင်ရာ ရူပဗေဒဂျာနယ်၌ အသေးစိတ်တင်ပြထားသည်။

MT

ဗဟုသုတ

20-11-2018 ရက်နေ့ထုတ် မန္တလေးနေ့စဉ်သတင်းစာပါ အကြောင်းအရာ

နဂါးငွေ့တန်း ကြယ်အစုအဝေးကြီးအတွင်း၌ ဒြပ်ထုမည်းရှိနေသည်ကို ဥရာပအာကာသပညာရှင်များ

သက်သေပြနိုင်တော့မည်ဖြစ်သည်ဟု မကြာသေးမီက ထုတ်ဝေသော အာကာသ ရူပဗေဒဂျာနယ်တစ်စောင်တွင် ဖော်ပြသည်။ ဥရောပအာကာသ စူးစမ်းလေ့လာရေးအဖွဲ့က လွှတ်တင်ထားသော ဂိုင်ရာဂြိုဟ်တုမှတစ်ဆင့် စူးစမ်းလေ့လာတွေ့ရှိချက်များအရ အာကာသပညာရှင်အများစု စိတ်ဝင်စားလျက်ရှိသော ဒြပ်ထုမည်းရှိနိုင်မည်ဟု စပိန်နိုင်ငံမှ အာကာသပညာရှင်တစ်စုက အတည်ပြုခဲ့ကြသည်။ ၄င်းတို့သည် အာကာသဟင်းလင်းထဲ၌ အီလက်ထရွန်ထက် အဆပေါင်း သန်း၅၀၀မျှ ပိုမိုပေါ့ပါးသော အဇီယွန်များကို ထောက်လှမ်းဖော်ထုတ်နိုင်ခဲ့သည်။ ထိုမှတစ်ဆင့် အဇီယွန်များနှင့် ဒြပ်ထုမည်း ဆက်နွယ်ပတ်သက်မှုရှိနိုင်ကြောင်း အခြားပညာရှင်များနှင့် ပူးတွဲစူးစမ်းလေ့လာကာ သက်သေပြခဲ့ကြပြန်သည်။ ဥရောပအာကာသသိပံ္ပပညာရှင်များ၏ အလိုအရ နဂါးငွေ့တန်း ကြယ်အစုအဝေးကြီးအတွင်း၌ ဒြပ်ထုမည်း မုန်တိုင်းသည် တစ်စက္ကန့်လျှင် မိုင် ၃၀၀ အမြန်နှုန်းဖြင့် ဝှေ့ရမ်းတိုက်ခတ်လျက်ရှိသည်ဟု ဖီးဇစ်ကယ်ရီဗျူးဒီ ဂျာနယ်၌ ဖော်ပြသည်။ (MT)